စပါး၊ မြေပဲ စိုက်ခင်းများတွင် အတန်းလိုက် စိုက်ပျိုးမှုကို အားလုံးကျင့်သုံးနေကြသည်။ မြေပဲနှင့် ပဲစင်းငုံသီး ညှပ်စိုက်ခင်းများသည် ထန်းတောကြီးများထဲတွင် နေရာအနှံ့ စိုက်ပျိုးနိုင်ကြသည်ကို တွေ့ခဲ့ရသည်။ မကြာသောကာလတွင် မြေပဲဖော်နိုင်ကြမည်။ ဤကြားကာလ မိုးပုံမှန်ရွာလိုက်ပါက သေချာပေါက် မြေပဲအောင်တော့မည်။ စိုက်ပျိုးပြီး မြေပဲခင်းများတွင် ပြုစုမှုများဂရုပြုဆောင်ရွက်ကြသင့်သည်။
စိုက်ပျိုးနည်းများသည် တရားသေ၊ ပုံသေပြုလုပ်နေ၍ မရသောလုပ်ငန်းဖြစ်၍ ပြောင်းလဲလာသော နည်းစနစ်များကို ပြောင်းလဲ ကျင့်သုံးပေးမှသာ အထွက်ကောင်းပါမည်။ တစ်ချိန်သောကာလ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်ကာလ မြေပဲစိုက်ပြီး တစ်လကြာလျှင် ပေါင်းရှင်း၊ ပေါင်းထိုး၊ အပင်ခြေ နှစ်သွားထွန်ဖြင့် ရိတ်ပြီး ကြားလိုက်၊ ဘောင်တင် ပြုလုပ်ကြသည်။ ကြားတိုက် မြေဆွဘောင်တင်ပေးမှ မြေပဲစွယ်များ မြေထဲထိုးဆင်းသည်ဟု သိခဲ့ကြသည်။
မြေပဲပင် ဘောင်တင်ခြင်းသည် အမြစ်ထိခိုက်ပြီး စွယ်ကန်း၍ ဆိုးကျိုးများစေသည်။ မြေပဲပင်ပန်းမပွင့်ခင် ကြားထွန်တိုက်၊ မြေဆွခြင်းသည် အလွယ်တကူ မြေထဲသို့ ဆင်းနိုင်သည်။ သို့သော် မြေပဲပင် ပန်းပွင့်ချိန်၌ ပေါင်းမြက်ရှင်းလျှင် မြေပဲပွင့်လည်း ထိခိုက်သည်။ အပင်၏ အပေါ်ပိုင်းရှိ ပန်းပွင့်စွယ်များ၊ မြေပဲတောင့်ဥအုရန်၊ အတောင့်လိုချင်၍ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်မှစ၍ ဘောင်တင်ခြင်းကို မပြုလုပ်ရတော့ပါ။
စွယ်ကျိုး၊ စွယ်ကန်းလျှင် အပွင့်မှ မြေပဲတောင့် ဖြစ်လာမည် မဟုတ်တော့ပါ။ ဘောင်တင်ခြင်းဖြင့် မြေပဲပင် ကောင်းကျိုးမရှိပါ။ ထို့ကြောင့် ပန်းပွင့်ချိန်မတိုင်မီ မြေပဲစိုက်ပြီး ရက် ၃၀ နှင့် ၃၅ ရက်အတွင်း ပေါင်းမြက်ရှင်းကြရသည်။ ရှင်းရာမှာ အပြောင်ရှင်းရသည်။ ယခုအခါ အညာဒေသ မြေပဲစိုက်ခင်းများသည် ဤကဲ့သို့ မြေပဲပင်စိုက်တန်းများကြား၌ ပြောင်အောင် ပေါင်းမြက်ရှင်းထားကြသည်ကို အများစု တွေ့ခဲ့ရသည်။
နောက်တစ်ဆင့် ပြုစုမှုလုပ်ငန်းမှာ စွယ်ချချိန်နှင့် အဆံဖြည့်ချိန်တွင် များသောအားဖြင့် မြေပဲစိုက်ပျိုးပြီး ၄၅ ရက်မှ ၇၅ ရက်အတွင်း အစိုဓာတ်လိုသည်။ ထို့ကြောင့် အညာ၏ မြေပဲစိုက်ခင်းများသည် အပင်ဖြစ်ထွန်းချိန်၌ မိုးရွာမှု ကြုံလိုက်ရလျှင် အောင်ကြတော့မည်။ သင့်တင့်ရုံရွာသော မိုးကို မျှော်နေကြသည်။ ဤအချိန်၊ ဤကာလ မိုးရွာသောဒေသများတွင် မြေပဲစိုက်ပျိုးသူများပျော်နေကြသည်။
မိုးမြေပဲကို မေလထဲ တွင် ပထမဆုံး မိုးရွာလျှင်ရွာခြင်း စိုက်ပျိုးကြသည်။ ဇွန်လထဲတွင် စကမြေပဲစိုက်ကြသည်။ ဩဂုတ်လ ၁၅ ရက်ထက် နောက်မကျဘဲ စိုက်ကြသည်မှာ စကမြေပဲဖြစ်သည်။ စက်တင်ဘာလထဲတွင် စိုက်ပျိုးကြသည်မှာ ဆောင်းမြေပဲဖြစ်၍ နိုဝင်ဘာလအထိ အစိုဓာတ်မိမိနှင့် စိုက်နိုင်လျှင် မြေပဲ အထွက်ကောင်းကြသည်။
စိုက်ပျိုးပြီး မြေပဲခင်းများ တစ်လအတွင်း မဖြစ်မနေ ပေါင်းမြက် လုံးဝမရှိအောင် အပြောင်ရှင်းခြင်း၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် မိုးမရွာပါက ရေပေးနိုင်ပါက ရေပေးခြင်း၊ မိုးရွာပါက မြေပဲခင်းကောင်းလာခြင်း မိုးမရွာဘဲမိုးအုံ့၊ တိမ်ထူ၊ လေတိုက်နေပါက စုပ်စားပိုး၊ ရွက်လိပ်၊ ရွက်ကပ်ပိုးကျနိုင်၍ စိုက်ခင်းကို နေ့စဉ်မပြတ် ပိုးကျ၊မကျ စစ်ဆေးသင့်ပါသည်။ စိုက်ခင်းထဲ၌ ပေါင်းမြက်မရှင်းခြင်းသည် ပိုးမွှားနှင့် အပင်ရောဂါ ပိုမိုကျရောက်မှုများပါသည်။
အောင်မြင်နေသော မြေပဲခင်းများသည် ပေါင်းရှင်းမှု၊ အစိုဓာတ်ရရှိမှု၊ ပိုးမွှားကာကွယ်မှုဂရုပြုပေးလျှင် မြေပဲတောင့်များများ ရရှိပါမည်။ မြေပဲပင်သည် ကယ်စီယမ်ဓာတ်မချို့တဲ့မှ မြေပဲတောင့်တွင် အဆံပြည့်မြေပဲတောင့် ရရှိမည်။ အဆံများ ရှုံ့တွမှု၊ အဆံချောင်မှု၊ မြေပဲဆံအညှောင့်မဲပုပ်မှုတို့သည် ကယ်စီယမ် ချို့တဲ့ခြင်းကြောင့် ဖြစ်ကြရသဖြင့် လချေးကျောက်မှုန့်မြေဩဇာကို စိုက်ပျိုးချိန်က ကတည်းက ထည့်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
#MaungZeRo
Facebook အကောင့် 👇👇👇
https://www.facebook.com/MaungZeRoPage


1 comment:
အရမ်းကောင်းတယ်
Post a Comment