ဝါပင်နှင့် စုပ်စားပိုး၊ ကိုက်စားပိုး
ဝါပင်သက်တမ်း အစောပိုင်းကာလတွင် လှေးပိုး၊ ဖြုတ်ပိုး၊ ပျပိုးတို့သည် စုပ်စားပိုးများဖြစ်ကြ၍ ရွက်စားပိုးသည် ကိုက်စားပိုး ဖြစ်ပါသည်။ ဝါပင်သက်တမ်း နောက်ပိုင်း ကာလများတွင် ယင်ဖြူ၊ မွှားပင့်ကူတို့သည် စုပ်ပိုးဖြစ်၍ ဝါပိုးနီသည် ရင့်မှည့်ဝါစေ့ကို စားသောပိုးဖြစ်သည်။
ဝါစိုက်ပျိုးမှု ရှေ့ပိုင်းကာလတွင် အပင်များ ရှင်သန်ကြီးထွားရန် ဖျက်ပိုး ကာကွယ်ကြရန်သကဲ့သို့ ဝါပင်နောက်ပိုင်း အသီးသီး၊ ဝါပေါက်ချိန်တွင်ကျသော ဖျက်ပိုးမှာ ဖြူဖွေးသောဝါပေါက်၊ ဝါဂွမ်းဖတ်ကို ညစ်မဲ၊ ပေစွန်းအောင် အရည်အသွေး ကျသွားစေသဖြင့် ပို၍ဂရုပြုကာကွယ်ကြရသည်။
ဝါပင်တွင် ကျရောက်သောဖျက်ပိုးများသည် ပဲပင်၊ ဟင်းသီးဟင်းရွက်ပင်များ၊ ပေါင်းမြက်များတွင်းလည်း ကျရောက်နေထိုင်သော ဖျက်ပိုးများဖြစ်သဖြင့် ဝါခင်းဘေး ပတ်ဝန်းကျင်တွင် ထိုသို့သော စိုက်ခင်းအပင်များရှိလျှင် ပို၍သတိထားကြရသည်။
တချို့သော စုပ်ပိုးများ (ဥပမာ လှေးပိုး) သည် ဓာတုပိုးသတ်ဆေးဖြင့် နှိမ်နင်းရန် မလွယ်ကူသည့် စားသောက်နေထိုင် ဖျက်ဆီးပုံမျိုး ရှိကြသည်။ ရေသွင်းမှုဖြင့် မြေကြီးထဲမှ ပိုးရုပ်ဖုံးများ သေစေသည်။ ပတ်ဝန်းကျင် အပူချိန်၊ မိုးရွာမှုကို အခြေခံ၍ ပိုးအနည်း၊ အများ ကျရောက်သည်။ မိုးကြာရှည်ရွာပါက ပျပိုးများ လျော့နည်းသည်။ သို့သော် ဝါပင်၊ ဝါခင်း ရေမဝပ်အောင်ကလည်း ဂရုပြုရသည်။
ဖျက်ပိုးများ၏ ဥများသည် ဝါပင်အရွက်များတွင် အုကြသည်။ ပေါက်လာသော အကောင်ငယ်သည် နုနယ်သောအပင် အစိတ်အပိုင်းများကို စားသောက် ဖျက်ဆီးကြသည်။ ထို့ကြောင့် ဥများကို ဖျက်ဆီးဖယ်ရှင်းခြင်းဖြင့်လည်း အကောင်ကြီး ဖြစ်မလာနိုင်တော့ပေ။
ထို့ကြောင့် ဘက်စုံ ပိုးမွှား ကာကွယ်နှိမ်နင်းနည်းကိုလည်း ဦးစွာကျင့်သုံးရသည်။ ပင့်ကူ၊ နကျယ်၊ လိပ်ခုံးကျိုင်း၊ ဇာတောင်ပိုး၊ ယင်များသည် ဖျက်ပိုးတို့ကို ရှာဖွေစားသောက်သော သားရဲကောင်များ ဖြစ်ကြသည်။
ဤနည်းဖြင့်မရမှသာ ဓာတုပိုးသတ်ဆေး ထိသေ၊ စားသေ ပင်လုံးပြန့်ဆေးများ အသုံးပြုကြသင့်ပါသည်။ ပိုးမွှားကာကွယ်ခြင်းနှင့် ကျရောက်၍ နှိမ်နင်းခြင်း လုပ်ငန်းနှစ်ရပ်တွင် ကွင်းဆင်း စစ်ဆေးခြင်း၊ ဘက်စုံကာကွယ်ခြင်း၊ နောက်ဆုံး ဆေးအသုံးပြုနှိမ်နင်းခြင်းတို့ကို အဆင့်လိုက် ပြုလုပ်ကြခြင်းဖြင့် ပိုးမွှားကင်း၍ ပတ်ဝန်းကျင်လည်း သန့်ရှင်းပါမည်။ ဓာတုဆေးလည်း ကင်းစင်ပါမည်။
စိုက်ပျိုးနည်းအားလုံးကို တစ်နေရာထဲမှာ အခမဲ့ ဖတ်ရှုနိုင်ပါပြီ။ 🇲🇲🌐 https://maungzeropage.blogspot.com/?m=1. အဆင်ပြေပါစေ
Facebook အကောင့် 👇👇👇
https://www.facebook.com/MaungZeRoPage


No comments:
Post a Comment