စစ်ပွဲဧရိယာမှာ လူ့အခွင့်ရေးတွေ မရှိဘူး၊ လူ့ဂုဏ်သိက္ခာလည်း မရှိသလို၊ လူမမယ်ကလေး ၊ ကိုယ်ဝန်ဆောင်တွေရဲ့အသက်ဟာလည်း တန်ဖိုးမရှိဘူး။ ရင်နာစရာဇာတ်လမ်းတွေ ပြောပြရမလား။ ကျောင်းသူလေးတွေ ထမင်းစားနေရင်တန်းလန်းကြီး ရွာထဲကျလာတဲ့လက်နက်ကြီးကျည်တွေကြောင့် အသက်ထွက်ရတယ်၊ ဒုက္ခသည် စခန်းထဲမှာ စာကျက်နေရင်း ကျည်ထိတယ်၊ စစ်သားတွေဘေး ဆိုင်ကယ်ဖြတ်မောင်းမိတာ လှမ်းခေါ်လိုက်တာ မကြားလိုက်လို့ အဝေးကလှမ်းပစ်တာခံလိုက်ရတဲ့ လူငယ်တွေလည်းရှိတယ်၊ ကျောင်းဆရာတွေလည်း သင်္ကာမကင်းတဲ့ခေါင်းစဉ်နဲ့ အပစ်ခံရတာပဲ။ စစ်သားတွေ ရွာထဲဝင်လာပြီဆို အရွယ်ရှိယောကျာ်းကြီး/ငယ် တွေပုန်းနေရတယ်၊ စစ်ကြောရေးက မသင်္ကာလို့ဆိုပြီးခေါ်သွားတဲ့အခါ အသက်မပါတဲ့ အလောင်းတွေ အနည်းစု က ရုပ်ပျက်ဆင်းပျက် အိမ်ပြန်ရောက်တယ်၊ တစ်ချို့အလောင်းတွေ မိသားစုမမြင်လိုက်ရ၊ သဂြိုလ်ခွင့်တောင်မရကြ၊ စာမေးပွဲဖြေခါနီး ကျောင်းသားလေးတွေလည်း သေတာပဲ၊ လယ်ကွင်းထဲ ပျိုးကြဲနေတဲ့လူတွေလည်း သေတာပဲ၊ အသက် ခြောက်ဆယ်ကျော် စာဖတ်တက်ပြီး ဗမာစကားပြောတက်တဲ့ အဖိုးကြီးတွေလည်း သေတာပဲ။ သေသွားခဲ့ရင် သူဟာ AA ပါလို့ ရဲစခန်းထဲက မှတ်တမ်းတွေမှာ အစဉ်လိုက်တိုင်း အမှုဖွင့်ခံရသေးတယ်၊ သူတို့တွေဟာ သေသင့်သူတွေပါလို့ စစ်တပ်ထောက်ခံသူတွေနဲ့ လူစိတ်မရှိတဲ့လူမျိုးကြီးဝါဒီတွေက သတင်းဌာနတွေအောက်မှာ ဟားတိုက် အားရပြကြသေးတယ်။ စာရေးတဲ့ ရခိုင်တွေ အဖမ်းခံရတယ်၊ ဖက်ဆစ်ဝါဒကို တွန်းလှန်တဲ့လူငယ်တွေ ထောင်ထဲရောက်မယ်၊ ကဗျာဆရာတွေလည်း အသက်မရှုရဲကြတော့ဘူး။ ရခိုင်တွေက ဆိုးတာကိုး။ သယံဇာတွေပေါ်ဖင်ခုထိုင်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်ဆယ် ရှစ်ဆယ်လောက်ကလို အေးဆေးငတ်ရင် ငတ်မနေကြဘူး။ တော်လှန်းရေးသမားတွေ ပေါ်ထွက်လာတယ်၊ လက်နက်ကိုင်တွေရှိလာတယ်။ ဖက်ဒရယ် ဆိုတာတွေ လာတောင်းတယ်။ တစ်မျိုးလုံးပြုတ်အောင် မျိုးဖြုတ်ပစ်မှ အေးမယ်။ ကဲ ရခိုင်ပြည်ကို အင်တာနက် လိုင်းတွေ ပိတ်လိုက်၊ သတင်းတွေ အမှောင်ချပစ်၊ ရခိုင်တွေမှာ အသက်မရှိဘူး။ ရခိုင်တွေမှာ သွေးမရှိဘူး။ ရခိုင်တွေဟာ ဘာမှမလုပ်နိုင်ဘူး။ ဟုတ်ကဲ့ ရင်နာစရာ အဖြစ်ပျက်တွေကလွဲလို့ ရခိုင်တွေမှာ ဘာဆိုဘာမှမရှိသေးဘူး။
No comments:
Post a Comment