နှင်းဆီပင် စိုက်ပျိုးနည်း
================
နှင်းဆီ အဖူးတွေ မပွင့်လျှင်
—————————
တခါတရံ နှင်းဆီဖူးများ ပွင့်အာမလာဘဲ ခြောက်သွေ့သွားသည်ကို ကြုံတွေ့ရတတ်သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ အပင်ဖူးထဲတွင် နိုက်ထရိုဂျင်ဓာတ်များလွန်းကာ အပင်သန်ပြီး အပွင့်အားနည်းသွားရခြင်းဖြစ်သည်။ အများအားဖြင့် အပင်ဖူးငုံဆဲအချိန်တွင် နှမ်းဖတ်ရည်၊ နိုက်ထရိုဂျင်ဓာတ်များစွာပါဝင်သည့် ဓာတ်ဆားကဲ့သို့သော ဓာတ်မြေသြဇာများ လောင်းသောကြောင့် ဖြစ်သည်။ နှင်းဆီဖူးခါနှီးတွင် ၄င်းမြေသြဇာများကို မလောင်းသင့်ပါ။
အကိုင်းပျိုးထောင်ပုံ
——————–
နှင်းဆီကိုင်းများကို ဖြတ်၍ ပျိုးထောင်ရာတွင် အရွက်နုကလေးများ ထွက်လာပြီးမှ ခြောက်၍သေသွားသည်ကို မကြာခဏတွေ့ရတတ် သည်။ ယင်းသို့ဖြစ်ရခြင်းမှာ အများအားဖြင့် ဖြတ်စိုက်သည့်အကိုင်းမှာ ရင့်လွန်းသောကြောင့် အမြစ်အထွက်မီ အကိုင်း၏ အင်းအားဖြင့် ရွက်နုကလေးများ ထွက်လာခြင်းဖြစ်သည်။ နောက်အကိုင်း၏ အင်အားကို အမြစ်က မလိုက်နိုင်သောကြောင့် ခြောက်သွေ့ပြီး သေသွား သည်။ ထို့ကြောင့် နှင်းဆီးကိုင်းရွေးချယ်ရာတွင် ရင့်လွန်းသောကိုင်းကို မရွေးချယ်သင့်ပေ။ ထို့အတူ နုနယ်လွန်းသော ကိုင်းကို လည်း မစိုက်သင့်ပေ။ နုလွန်းက ခြောက်သွေ့သွားတတ်သည်။မရင့်လွန်း မနုလွန်းသည့်အကိုင်းကို ရွေးချယ်ပြီး ပျိုးထောင်သင့်ပေသည်။ အကောင်းဆုံးမှာ ၆ လသား ၁၂ လသားအတွင်း ကိုင်းများကို ရွေးချယ်၍ ပျိုးထောင်ခြင်း ဖြစ်သည်။
ပျိုးခင်း
——
အရပ်ဒေသအလိုက် ရာသီဥတုဒဏ်ခံနိုင်သော နှင်းဆီမျိုးများမှာ မနုမရင့်ပိုးကိုက်ကင်း၍ ရောဂါကင်းရှင်းသော လုံးချောသည့် အကိုင်းများကို ဖြတ်တောက်ယူပါ။ ဖြတ်ယူသည့် အကိုင်းများသည် လုံးပတ်တစ်လက်မ လေးပုံတစ်ပုံ သို့မဟုတ် လက်မ၀က်ခန့် ရှိရပါသည်။ လုံးပတ်ထွားသော အကိုင်းများသည် သစ်ဖူးဆက်ရန် အတွက်ကောင်းသည်။ အကိုင်းဖြတ်ရာတွင် အဆစ်များအပေါ် လက်မ၀က်ခန့်ချန်၍ ဖြတ်ပါ။ ပြီးမှ နှစ်ဖက်ထိပါအဆစ်နားကပ်၍ ခပ်စောင်းစောင်းဖြစ်အောင် တိပစ်ပါ။ ၄င်းပြင် အပေါ်ဆုံးရှိ အတက်ထွက်မည့် အဆစ်ဖူး နှစ်ဖူးမှလွဲ၍ ကျန်အဆစ်ဖူးများအားလုံးကို ပယ်ပစ်ပါ။ ထို့နောက် အဆင်သင့်ပြုလုပ်ထားသော မြေခုံ သို့မဟုတ် ပန်းအိုးတွင် ပျိုးပါ။ ပျိုးခင်း မြေခုံတွင်ပျိုးလျှင် တစ်ကိုင်းနှင့် တစ်ကိုင်း ကိုးလက်မခန့် ခြားပါစေ။ တစ်တန်းနှင့်တစ်တန်း သုံးပေခြားပါ။ အကိုင်းများကို မြေတွင်းသို့ အဆစ်နှစ်ဆစ် သုံးဆစ်မြုပ်အောင် မြေကိုစိုက်မည့် အကိုင်းအရွက်လက်ဖြင့်ထိုး၍ မြေကို ကျပ်အောင်ဖိပေးပါ။
နှင်းဆီပျိုးမည့် မြေကို ကောင်းစွာဆွ၍ မြေခုံလုပ်ပြီး သဲတစ်ဝက် ဆန်ခါချထားသော မြေဆွေးတစ်ဝက်ရော၍ အပေါ်မှ တစ်ထွာခန့် ထူအောင်ခင်ပေးပါ။ သို့မဟုတ် သဲသက်သက်ခင်း၍လည်း စိုက်နိုင်သည်။ ပန်းအိုးဆိုလျှင် မြေဆွေးတစ်ဝက် သဲတစ်ဝက်ပြီး ထည့်ပါ။ အကိုင်းများ အမြစ်စွဲ၍ ကောင်းစွာရှင်သန်ကြီးထွားလာသည့် အခါတွင် နှင်းဆီကောင်းများနှင့် ကိုင်းကူး၍လည်းကောင်း၊ သစ်ဖူးဆက်၍ လည်းကောင်း မျိုးပွားစိုက်ပါ။
မျိုးကောင်းနှင်းဆီများကို မျိုးပွားရာတွင် မြေထုပ်စည်း၍လည်းကောင်း၊ ကိုင်းဆက်၍လည်းကောင်း၊ သစ်ဖူးဆက်၍လည်းကောင်း မျိုးပွား ကြသည်။ ၄င်းနည်းများတွင် အကောင်းဆုံးနည်းမှာ အရပ်ဒေသအလိုက် ပေါက်ရောက်သော နှင်းဆီကိုင်းများကို အထက်တွင် ဖော်ပြခဲ့ သည့်အတိုင်း ပျိုးထောင်၍ မျိုးကောင်းနှင်းဆီများမှ သစ်ဖူးနှင့် ကူးဆက်ယူသောနည်းပင်ဖြစ်သည်။
သစ်ဖူးဆက်ရန်အချိန်
———————
နှင်းဆီဖူးဆက်ရန် အကောင်းဆုံးအချိန်မှာ အပင်များကြီးထွားရန် အားယူသည့်အချိန် သစ်ရည်ရွန်းသည့်အချိန်ပင် ဖြစ်သည်။ ရာသီဥတု အေးသောဒေသများတွင် တစ်နှစ်ပတ်လုံး သစ်ဖူးဆက်သည့်လုပ်ငန်းကို အောင်မြင်နိုင်သော်လည်း ကျန်ဒေသများတွင် ဆောင်းရာသီ အေးမြသောကာလများတွင်သာ ကောင်းစွာအောင်မြင်နိုင်ပေသည်။ ဒီဇင်ဘာလသည် သစ်ဖူးဆက်ရန် အကောင်းဆုံးကာလဖြစ်သည်။ သို့သော် မိုးရာသီနှင့် ဆောင်းရာသီ အေးမြသောရက်များတွင် အောင်မြင်စွာ လုပ်ကိုင်နိုင်သည်။
အကောင်းဆုံး သစ်ဖူးဆက်နည်း
———————————-
နှင်းဆီသစ်ဖူးဆက်ရာတွင် အကောင်းဆုံးနည်းမှာ အင်္ဂလိပ်အက္ခရာတီပုံစံဖြစ်၏ ။
သစ်ဖူးဆက်ပုံ
————–
ပျိုးထောင်ထားသော နှင်းဆီရိုင်းကို ရှစ်လသားမှ တစ်နှစ်သားအတွင်းရှိ အစိမ်းရောင်ရွှန်းသော အကိုင်းများကို ပထမ ရွေးချယ်ပါ။ နောက်မြေကြီးမှ ငါးလက်မ ရှစ်လက်မအကွာအတွင်း လုံးချော၍ အနာအဆာကင်းသည့်နေရာကို ရွေးချယ်ပြီးလျှင် အခေါက်ကို ထက်မြက်၍ သန့်ရှင်းသော ဓား၊ အကောင်းဆုံးမှာ သစ်ဖူးဆက်ရန်အတွက် အထူးပြုလုပ်ထားသော ဓားဖြင့် အင်္ဂလိပ်ပုံစံအတိုင်း သို့မဟုတ် တနှစ်လုံး (အိုင်) ပုံစံလှီးပါ။ နောက် သစ်ဖူးဆက်အရိုးတွင်ရှိသော အရိုးကို ပြုလုပ်ထားသည့် အရိုးဓားဖြင့် အခေါက်ဝကို လှန်၍ တစ်စတစ်စ အတွင်းသို့ ခပ်ဖြေးဖြေးထိုးသွင်းခွာပါ။ ၄င်းနောက် သစ်ဖူးဆက်ရန် အသင့်ယူ ထားသော မျိုးကောင်းနှင်းဆီကိုင်းမှ အတက်ထွက်မည့် အဆစ်ဖူးကို အောက်ဖက်မှ အထက်သို့လှန်၍ တဖြည်းဖြည်းခွာယူပါ။ နောက် မြစ်ခံတွင် လှီးထားသည်နှင့် ညီညွတ်အောင် တီပုံစံဆိုလျှင် အဆစ်ဖူးကို ဒိုင်းပုံသော်လည်းကောင်း လှီးပြီးလျှင် အံကျအောင် ထိုးသွင်းပါ။ နောက်အဆစ်ဖူးမျက်စိကို ချန်လှပ်၍ အထက်အောက်ကို ဖယောင်းပတ်တီး သို့မဟုတ် ငှက်ပျောလျော် သို့မဟုတ် အရောင်ရှိသော ပလတ်စစ်ကြိုးပြားဖြင့်စည်းပါ။ ကြိုးကိုကျပ်အောင် မစည်းရပါ။ မှန်တမ်းစည်းပါ။ နေပူတိုက်ရိုက် မခံရစေရန် သစ်ရွက်ဖြင့် ဆက်ထားသောနေရာကို ဖုံးအုပ်ထားပါ။
သစ်ဖူးဆက်ပြီး ၁၀ ရက်မှ ၁၅ ရက်အတွင်း ဆက်ထားသည့် အဆစ်ဖူး စိမ်းလန်းနေလျှင် အောင်မြင်ပြီးဟု မှတ်ယူရပါမည်။ ၄င်းအချိန်တွင် စည်းထားသည့်ကြိုးကို ဖြေ၍ မြစ်ခံပင်မကို ဆက်ထားသည့် အထက် ၃ လက်မအကွာမှ ခပ်စောင်းစောင်း ဖြတ်ပေးပါ။ မကြာမီ ဆက်ထားသည့် သစ်ဖူးမှ အတက်ကလေး ထွက်ပေါက်လာလိမ့်မည်။ အတက်ကလေးများ ကောင်းစွာထွက်လာသောအခါ တည့်မတ် ရန်နှင့် ပဲ့မသွားစေရန် ဖြတ်ထားသည့် မြစ်ခုံငုတ်ပင်နှင့် တွဲ၍ချည်ပေးပါ။ အကိုင်းအားကောင်းလာသောအခါ မြစ်ခံပင်အငုတ်ကို ဆက်ထားသည့် အထက်နားကပ်၍ တိတိရိရိ ဖြတ်ပစ်ပါ။
နှင်းဆီပိုးများ
————
အများအားဖြင့် နှင်းဆီတွင်ကျတတ်သော ပိုးများမှာ (၁) ပိုးစေးနဲ၊ (၂) ပျပိုး၊ (၃) နွားချေးပိုး အမျိုးအနွယ် ကျိုင်းကောင်းများဖြစ်သည်။
(၁) ပိုးစေးနဲ။ ။ ပိုးစေးနဲမှာ ရွေးကြီးစေ့ခန့်ရှိ၍ တစ်ကိုယ်လုံး အဖြူမှုန့်များဖြင့် ဖုံးအုပ်နေတတ်သည်။ ၄င်းအမှုန့်များကို ပွတ်တိုက်ကြည့်လျှင် သွေးများ ထွက်သကဲ့သို့နီရဲလာသည်။ ၄င်းပိုးများသည် အရွက်များ၊ အရိုးများတွင် တွယ်ကပ်၍ သစ်ရည်ကို စုပ်ယူကြသည်။ မကြာမီ အပင်အားတိတ်၍ ခြောက်သွားတတ်သည်။ ကာကွယ်ရန်မှာ အော်(လ်)ဗိုနီလီယမ်ဆေးကို သွားပွတ်တံနှင့်သုတ်ပြီး အပင်ကို ပွတ်ပေးပါ။ သို့မဟုတ် ဆာလ်ဖိနက်ဆေးဖြင့် ပတ်ဖျန်းသုတ်လိမ်းပေးနိုင်သည်။ ၄င်းဆေးမရပါက ဘီပီအိုင်မှ ထုတ်သည့် ဆာ(တ်)ဖျူရက်ဆေးဖြင့် ပက်ဖြန်းသုတ်လိမ်းပါ။ ၄င်းဆေးများ အလွယ်တကူမရပါက ဆေးရွက်ကြီး ၂၄ နာရီ ရေစိမ်ပက်ပါ။ သို့မဟုတ် ဆေးရွက်ကြီးကို ပြာချပြီး၊ ရေနှင့်မျှအောင်ရော၍ သုတ်လိမ်းပေးပါ။
(၂) ပျပိုး။ ။ နှင်းဆီရွက်အောက်ဖက်တွင် မည်းမည်းအစက်ကလေးများ ကပ်နေတတ်သည်။ ၄င်းအဖတ်ကပလေးများမှာ ပျပိုးဖြစ်သည်။ နှမ်းစေ့လောက် အရွယ်ရှိသည်။ ၄င်းပိုးများသည် အရွက်ကို စုပ်ယူနေသည်။ အပင်ကို ခြောက်သွေ့စေ၍ သေကျေပျက်စီးစေ၏ ။ ၄င်းပြင် အပင်ကို ရောဂါများလည်း ကျရောက်စေသည်။ ပျပိုးများကို မာလာသီယွန်ဆေးဖြင့် ပက်ဖျမ်းနှိမ်းနှင်းနိုင်သည်။ ဆေးရွက်ကြီးကို ၂၄ နာရီရေစိမ်၍ ခဏခဏပက်ဖျန်းပေးလျှင်လည်း ပျပိုးများ ပျက်စီသွားမည် ဖြစ်သည်။
(၃) ကျိုင်းကောင်။ ။ နွားချေးပိုးအနွယ် ကျိုင်းကောင်မှာ ညအခါမှာသာ လာ၍စားသည်။ အကောင်ကိုမမြင်ရဘဲ အရွက်များ ပြတ်နေသည်ကိုသာ တွေ့ရသည်။ ညမီးထွန်းကြည့်လျှင် အကောင်များကို တွေ့ရသည်။
၎င်းပိုးအန္တရယ်ကို ကာကွယ်ရန်မှာ ၄င်းပိုးများသည် အနီးအနားရှိ အမိုက်ပုံ၊ နွားချေးပုံ စသည့် နေရာများတွင် ခိုးအောင်းပေါက်ပွားကြသဖြင့် အနီးတ၀ိုက် အမိုက်သရိုက် အမိုက်ပုံများကို ရှင်းလင်းထားပါ။ ညဘက်တွင် မီးထွန်း၍ ဖမ်းဆီးဖျက်ဆီးပစ်ပါ။ အပင်ကို မာလာသီယွန်ဆေး ဗော်ဒိုဆေးရည်ဖြင့် ပက်ဖျန်းထားပါ။
မြေသြဇာ
———
နှင်းဆီကို သဘာဝမြေသြဇာ ဖြစ်သည့် နွားချေး မြေဆွေး၊ နှမ်းဖက်ပုပ်ရည်များကို ကျွေးနိုင်သည်။ ဓာတ်မြေသြဇာများတွင်မှု နှင်းဆီ အတွက် အထူးဖော်စပ်ထားသော ပလန်ဟီလိုက်ဇာ သို့မဟုတ် နိုက်ထရိုထော့စတာ သို့မဟုတ် သာကူစေ့ဓာတ်မြေသြဇာများကို သုံးစွဲနိုင်သည်။ ဓာတ်မြေသြဇာများကို အပင်ရင်းတွင် မထည့်ပါနှင့်။ လက်ဖက်ရည်ဇွန်းနှင့် တစ်ဇွန်းကို ရေတစ်ဂါလန်ခန့်နှင့်ဖျော်၍ အပင်ဘေးပတ်လည်တွင် လောင်းပါ။
မြေသြဇာချို့တဲ့လျှင်
———————-
နှင်းဆီအရွက်များတွင် အရောင်အမျိုးမျိုး အစက်များဖြစ်လာလျှင် သံဓာတ်၊ သွပ်ဓာတ်၊ မန်ဂနိဓာတ်များ ချို့တဲ့သောကြောင့် ဖြစ်သည်။ အရွက်များ ၀ါစိမ်းရောင်ဖြစ်လျှင် နိုက်ထရိုဂျင်ဓာတ် လျော့ပါး၍ဖြစ်သည်။ အရွက်ရင့်များတွင် ပထမဆုံး အ၀ါရောင်ပေါ်လာလျှင် မန်ဂနိဓာတ် ချို့တဲ့၍ ဖြစ်သည်။ ဖော့စဖိတ်ချို့တဲ့လျှင် စိမ်းညိုညို၊ စိမ်းညစ်ညစ် ဖြစ်လာပြီး အရွက်အောက်ဖက်တွင် ခရမ်းရောင် သမ်းလာသည်။ ပိုတက်ဓာတ် မလုံလောက်လျှင် အရွက်ဖျားများ မီးမြှိက်သကဲ့သို့ ခြောက်လာသည်။ သို့သော် ယင်းလက္ခဏာမှာ အခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထုံးဓာတ်နည်းလျှင် အရွက်အနားများ သွေ့ခြောက်လာသည်။ အရွက် ၀ါစိမ်းရောင် ဖြစ်လာသည်။ အရွက်အလယ်ရိုးနှင့် နှုတ်ခမ်းအကြား ညိုညစ်ညစ်အကွက်များ ပေါ်လာသည်။ မြေအချဉ်ဓာတ်များလျှင် အမြစ်များကောင်းစွာမထွက်တော့ပေ။ အမြစ်ထွက်မှု ယုတ်လျော့လာသည်။
ပိုတက်ဓာတ်သည် နှင်းဆီအပွင့်အရောင်များကို အထူးအကျိုးပြုသည်။ အပင်ကို ခံနိုင်ရည် ပို၍ရှိစေသည်ဟု အယူအဆရှိကြသည်။ သို့သော် စမ်းသပ်ချက်အရ ပိုတက်ဓာတ်ကြောင့် အပင်ခံနိုင်ရည် တိုးလားသည်ကို မတွေ့ရပေ။ ပိုတက်ဓာတ်များလွန်းလျှင် အဟာရဓာတ် မမျှမတဖြစ်ပြီး အပင်ကြီးထွားမှု ခဲယဉ်းလာသည်။ အပင်ပုကွတတ်သည်။
#စိုက်ပျိုးနည်း
#Pissaya_Info
Credit: မင်းသော်တာ ( ဥယျဉ်ခြံမြေ စိုက်ပျိုးနည်း ပဒေသာ
No comments:
Post a Comment